နောက်ခံသမိုင်းကြောင်း








ရှမ်းပြည်နယ်၊ တောင်ကြီးလူထုအခြေပြုဗဟိုဌာန(Community Centre)အဖြစ်

ပြောင်းလဲလာမှုသမိုင်း

ရှမ်းပြည်နယ် ပြန်ကြားရေးနှင့်အသံလွှင့်ဦးစီးဌာနကို ရှမ်းပြည်နယ်အစိုးရ၏ စုပေါင်းရုံးတွင် ဖွင့်လှစ်ခဲ့ပြီး တောင်ကြီးမြို့၊ မြို့မရပ်ကွက် (၂)ထပ်အဆောက်အဦသို့ ၁၉၈၆ ခုနှစ်တွင် ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါသည်။ ပြန်ကြားရေးနှင့်အသံလွှင့်ဦးစီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းပြီးနောက်တွင် ပြည်နယ်ဦးစီးမှူး ၊ ရုံးအုပ်စာရေးကြီး ၊အကြီးတန်းစာရေး ၊ အောက်တန်းစာရေး ၊ ရုံးအကူ ၊ အစောင့် ၊ ရာထူးများဖြင့်လည်းကောင်း၊ စာကြည့်တိုက်အတွက် စာထောက်ကြီး၊ စာထောက်ငယ်၊ စာဖတ်ခန်းထိန်း စသည့်ရာထူးများဖြင့်လည်းကောင်း၊ ဖြန့်ချိရေးဌာနစိတ်တွင်ဖြန့်ချိရေးမှူး၊ ရှမ်းဘာသာပြန်၊ ရုံးအကူ စသည့်ရာထူးများဖြင့်လည်းကောင်း၊ ဓါတ်ပုံဌာနစိတ်တွင် ၀န်ထမ်းများ ခန့်အပ်ကာ အကြီးတန်းသတင်းထောက်၊ အငယ်တန်းသတင်းထောက်၊ ဓါတ်ပုံအမှောင်ခန်းမှူး စသည့် ရာထူးများဖြင့်လည်းကောင်း ၀န်ထမ်းများခန့်အပ်ကာ ပြည်နယ်ဦးစီးမှူး၏ အုပ်ချုပ်မှုဖြင့် ဌာနလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ခဲ့ကြသည်။

ရှမ်းပြည်နယ် ပြန်ကြားရေးနှင့်အသံလွှင့်ဦးစီးဌာန  ၀န်ထမ်းများသည် ထိုစဉ်က ဤဦးစီးဌာန က ရိုက်နှိပ်ထုတ်​ဝေသော ရှေ့သို့စာစောင် ၊ Forward အင်္ဂလိပ်စာစောင် ၊  ရှမ်းပြည်နယ်ထုတ် လင်း​ရောင်ခြည်သတင်းစာ ၊  လစဉ်ထုတ်မဂ္ဂဇင်း ၊ အပတ်စဉ်ထုတ်ဂျာနယ်နှင့် စာစောင်များကို ပြည်နယ် အတွင်းမြို့များတွင်ဖွင့်လှစ်ထားသောစာကြည့်တိုက်များသို့ လစဉ်ပို့ဆောင်ဖြန့်ချိရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြရပြီး စာကြည့်တိုက်၀န်ထမ်းများအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတတိုးပွါး ကြစေရေးအတွက် ပြည်နယ်၊ မြို့နယ်အသီးသီး၌ ဖွင့်လှစ်ထားသော စာကြည့်တိုက်များတွင် အခမဲ့ အသင်း၀င်ရောက်ကာ စာအုပ်စာနယ်ဇင်းများ လာရောက်ဖတ်ရှုနိုင်အောင် ၊ ငှါးရမ်းနိုင်အောင် ဆောင်ရွက်ပေးခဲ့ကြရပြီး ရှမ်းပြည်နယ်ထုတ် လင်း​ရောင်ခြည် သတင်းစာကို ၁၉၈၇ ခုနှစ်တွင် ရပ်နားခဲ့သည်။

အလားတူပင် စီမံဌာန၀န်ထမ်းများ ၊ ဓါတ်ပုံဌာနစိတ်မှ သတင်းထောက်များသည် ပြည်နယ် အစိုးရက ဦးစီးကျင်းပသော အစည်းအ​ဝေးများ ၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့၊ တောင်သူလယ်သမားနေ့၊ အလုပ်သမားနေ့ ၊ အာဇာနည်နေ့ ၊ အမျိုးသားနေ့ စသည့် နိုင်ငံတော်၏ နေ့ကြီးရက်ကြီးအထိမ်းအမှတ်အခမ်းအနားများ ၊ ပြည်နယ်အလိုက်ပြုလုပ်ကျင်းပသည့် ပြည်နယ် နေ့အထိမ်းအမှတ်ပွဲ​တော်များ၌ အသံချဲ့စက်များတပ်ဆင်ပေးရခြင်း၊ အခမ်းအနားမှူးအဖြစ် တာဝန်ယူဆောင်ရွက်ပေးကြရခြင်း ၊ ဓါတ်ပုံပြခန်းကြီးများ ၊ ပညာပေးနံရံကပ်စာစောင်များ ခင်းကျင်း ပြသခြင်း၊ သတင်းဓါတ်ပုံမှတ်တမ်းများရယူခြင်း၊ ဌာနရှိဓါတ်ပုံအမှောင်ခန်းတွင် ဖလင်ဆေး၍ ဓါတ်ပုံများကူးယူခြင်း ဓါတ်ပုံဖလင်များအပြင် ဓါတ်ပုံများထိန်းသိမ်းခြင်း၊ မော်ကွန်းရုပ်ရှင်များနှင့် နိုင်ငံတော်အစိုးရ၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်မှု သတင်းများကို ဖွင့်လှစ် ပြသခြင်း၊ နိုင်ငံပိုင်ရုပ်ရှင်ရုံများကို ကြီးကြပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြရကာ နိုင်ငံတော် အစိုးရ၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်မှုများကို ပြည်သူများသိရှိအောင် ဆောင်ရွက်ပေးကြရသကဲ့သို့ ဘာသာပြန်၀န်ထမ်းများကလည်း အရေးကြီးဆောင်ရွက်ချက် သတင်း များ၊ ဒေသအလိုက်ရိုက်နှိပ်ဖြန့်ချိသောသတင်းစာများ ၊ ဂျာနယ်များ၊ လက်ကမ်းစာစောင်များအတွက် တိုင်းရင်းသားဘာသာသို့ ပြန်ဆိုပေးခြင်းဖြင့် ပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြရသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် နိုင်ငံတော်၏လိုအပ် ချက်အရ အများပြည်သူအကျိုးအတွက် ပြန်ကြားရေးနှင့်အသံလွှင့်ဦးစီးဌာနမှ ပြန်ကြားရေးဌာနခွဲ စာကြည့်တိုက်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအဖြစ် ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့၌ ဖွဲ့စည်းပုံ တိုးချဲ့ပြောင်းလဲဖွဲ့စည်းကာ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ခရိုင်နှင့် မြို့နယ်များ၌  ခရိုင်အဆင့်တွင် မြို့နယ်စုရုံးများကိုလည်းကောင်း၊ မြို့နယ်အဆင့်တွင်မြို့နယ်ရုံးများ ကိုလည်းကောင်း ပြင်ဆင်ဖွဲ့စည်းဖွင့်လှစ်ခဲ့ပါသည်။ ယင်းမှတဆင့် မြို့နယ်စုရုံးများကို ခရိုင် ရုံးများ အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ဌာနဖွဲ့စည်းပုံကို အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းပြီးနောက်တွင်လည်း ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်နှင့် မြို့နယ်ရုံးများသည်  ပြည်သူ့စာကြည့်တိုက်၌ ပြည်သူများအတွက် စာဖတ်/စာငှါးလုပ်ငန်းများအပြင် စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေဝါသနာရှင်များ အတွက် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများဖြင့် စာအုပ် စာစောင်များအလွယ်တကူ ငှားရမ်း ဖတ်ရှုနိုင်ခြင်းဖြင့် ပြည်သူများအသိပညာဗဟုသုတကြွယ်ဝလာစေ ရေးစီစဉ်ဆောင်ရွက်ပေးခဲ့သကဲ့သို့ ပြည်နယ်၊ ခရိုင်၊မြို့နယ်အသီးသီး၏ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ချက်များကို သတင်း/မှတ်တမ်းများ ရိုက်ကူးရယူကာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစီအစဉ်များ၊ နေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြနိုင်ရန်ပေးပို့ဆောင်ရွက်ခြင်း၊ သတင်းမှတ်တမ်းအဖြစ် ထိန်းသိမ်းခြင်း၊ ပြည်သူများသိရှိအောင် ပြခန်းများအဖြစ် ပြခန်းများခင်းကျင်းပြသခြင်းစသည့် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရ ပါသည်။

၂၀၀၄ ခုနှစ်တွင် နိုင်ငံတော်၏လိုအပ်ချက်အရ တိုင်းနှင့်ပြည်နယ်ရုံးများ ရုံးစိုက်ရာ မြို့တော် များရှိ ခရိုင်ရုံးများ၌ တိုင်းနှင့်ပြည်နယ်ရုံးများအဖြစ် အဆင့်မြှင့်တင်တိုးချဲ့ဖွဲ့စည်းပေးခဲ့ပါသည်။

ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်မြို့နယ်နှင့်မြို့ရုံးများရှိ ပြည်သူ့စာကြည့်တိုက်များ၌ စာအုပ်များ ငှါးရမ်းဖတ်ရှုလိုသည့် စာပေဝါသနာရှင်ပြည်သူများသည် အခမဲ့အသင်း၀င်ရောက်ပြီး သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်အောင်စီစဉ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထိုမျှသာမက ကျေးလက်နေပြည်သူများအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာ စေရန် မိမိတို့ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသစာအုပ်များအနက် ကျေးလက်နေပြည်သူများ နှစ်သက်ကြမည့်ကောင်းနိုးရာရာ သုတ/ရသစာအုပ်များဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ ပညာပေးဓါတ်ပုံနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ ပညာပေးဟောပြောပွဲများကျင်းပခြင်း၊ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း လုပ်ငန်းစသည့် နယ်လှည့်ကွင်းဆင်းပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။

လူထုအခြေပြုဗဟိုဌာန(Community Centres)

လူထုအခြေပြုဗဟိုဌာန (Community Centres) သည် ပြည်သူများအသိပညာရှာမှီးရာ နေရာ၊ ပြည်သူများ သတင်းအချက်အလက်ရှာဖွေရာနေရာ၊ ပြည်သူများတိုင်းကျိုးပြည်ကျိုး၊ ရပ်ကျိုးရွာကျိုးများဆွေးနွေးတိုင်ပင်ရာနေရာ၊ပြည်သူများ အပန်းဖြေရာနေရာဖြစ်သည့်အားလျော်စွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူလူထုကစိတ်ဝင်စားသော၊ အကူအညီ တောင်းခံနိုင်သော ပေါင်းစပ်ဆောင်ရွက်ပေးနိုင်သော၊ ရပ်ရွာအတွက်တန်ဖိုးရှိသောအသုံးဝင်သော နေရာအဖြစ် ပုံဖော်ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့ရုံးများကို လူထုအခြေပြုဗဟိုဌာန(Community Centres)အဖြစ်ပေါ်ပေါက်လာစေရန် ဆောင်ရွက်ခဲ့ပါသည်။ မူလစာကြည့်တိုက်လုပ်ငန်းများအပြင် ပြည်သူများ စုဝေးဆွေးနွေးနိုင်သောနေရာ၊ ရပ်ကွက်ကောင်းကျိုး၊ ဒေသကောင်းကျိုးအတွက် သတင်းအချက်အလက်ရယူဖလှယ်နိုင်သောနေရာ၊ ပညာပေးလုပ်ငန်းများစုပေါင်းဆောင်ရွက် နိုင်သောနေရာ၊ လူငယ်များအတွက်အသိပညာအတတ်ပညာများ ဆွေးနွေးပို့ချပေးနိုင်သောနေရာ များအဖြစ် အသုံးပြုနိုင်စေရန် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ လူထုအခြေပြု ဗဟိုဌာနများအဖြစ် ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၏ လူထုအခြေပြုဗဟိုဌာန (၆)ထပ်အဆောက်အဦသစ် ဖွင့်ပွဲကို  ၂၅-၇-၂၀၂၂ ရက်နေ့တွင် ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးခဲ့ပါသည်။

လူထုအခြေပြုဗဟိုဌာန(Community Centre)တောင်ကြီး အဆောက်အဦသစ်ဖွင့်လှစ်ပြီး ပြည်သူများလူ့စွမ်းအားအရင်းမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖွင့်လှစ်သည့် သင်တန်းများမှ တစ်ဆင့် အတတ်ပညာများရှာမှီးနိုင်သည့်နေရာ၊ စာပေမှတစ်ဆင့် အသိပညာဗဟုသုတများ ရှာမှီးရရှိရာနေရာ၊ သတင်းအချက်အလက် ရှာဖွေလေ့လာဖြန့်ဝေနိုင်သည့် ပြည်သူအကျိုးပြုရာနေရာ တစ်ခုဖြစ်လာစေရန်၊ လူကြီးလူငယ်မရွေး (Community Centre)အား အသုံးပြု ဝင်ထွက် သွားလာနိုင်သည့် အများပြည်သူရင်းနှီးကျွမ်းဝင်ရာနေရာဖြစ်လာစေရန်၊ ဒေသခံပြည်သူများ အားလုံး (Community Centre)သို့  လာရောက်စုရုံးကာ မိမိတို့၏ ရပ်ရွာအကျိုး စုပေါင်းဆွေးနွေးတိုင်ပင်ရာ နေရာတစ်ခုဖြစ်ပေါ်လာစေရန် အများပြည်သူအကျိုးရှိစွာ အသုံးပြုနိုင်သည့် လူထုအခြေပြုဗဟိုဌာန အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။