ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် လူငယ်များ ကာယ၊ ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို ဉာဏစွမ်းရည်ပြိုင်ပွဲ၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)တွင် ယနေ့နံနက် ၈ နာရီခွဲကပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းက ပြိုင်ပွဲများပြုလုပ်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အလယ်တန်း အဆင့် ကျောင်းသားလူငယ်များအတွက် စာစီစာကုံး၊ ပန်းချီ၊ အင်္ဂလိပ်စာ၊ မြန်မာစာ၊ သင်္ချာ၊ သမိုင်းဉာဏ်စမ်းပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်၊ စကားပုံဆက်ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲ၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး ဦးစိုးညွန့်ရွှေ က အမှာစကားပြောကြားပြီး တောင်ကြီးခရိုင်ဦးစီးမှူးက မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းသိကောင်းစရာများကို ဟောပြောသည်။ ဆက်လက်၍ စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသူများအား ပြည်နယ်ဦးစီးမှူးမှလည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင်ဆုရရှိသူများအား ဒုတိယပြည်နယ်ဦးစီးမှူးမှလည်းကောင်း၊ အကဲဖြတ်ဒိုင်များ အတွက်အမှတ်တရလက်ဆောင်နှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများတွင်ဆုရရှိသူများအတွက် တောင်ကြီး ခရိုင်ဦးစီးမှူးတို့က ဆုများအသီးသီးချီးမြှင့်ပေးကြကြောင်းနှင့် စာကြည့်တိုက်တွင် အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို နံရံကပ် စာစောင်နှင့် စာအုပ်စာစောင်များကို ခင်းကျင်းပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။