သက်ကြွယ်တွေ့ဆုံပွဲကျင်းပ

တောင်ကြီးမြို့၊ လူထုဗဟိုဌာန(Community Centre)၌ သက်ကြွယ်တွေ့ဆုံပွဲ ကျင်းပ

တောင်ကြီး သြဂုတ် ၃

 

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် အသက်(၆၀)နှစ် အထက် ကျား/မ မရွေး လူမျိုး- ဘာသာ- အဆင့်အတန်း မရွေး အားလုံးပါဝင်နိုင်သော သက်ကြွယ်များ ဆုံစည်းရာ “သက်ကြွယ်တွေ့ဆုံပွဲ”ကို ယနေ့ မွန်းလွဲ ၂ နာရီက လူထုအခြေပြု ဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

တွေ့ဆုံပွဲတွင် သက်ကြွယ်တွေ့ဆုံပွဲကို ဦးဆောင်ဆောင်ရွက်နေသည့် ဒေါက်တာဘသိန်းဝင်းက သက်ကြွယ်တွေ့ဆုံပွဲကို ကျင်းပဆောင်ရွက်ခြင်းသည် သက်ကြီးရွယ်အိုများ (သက်ကြွယ်များ)အိမ်ထဲတွင်သာနေရ၍ အသွားအလာ လှုပ်ရှားမှု မရှိ၊ အထီးကျန်စိတ်အားငယ်မှု လျော့ပါးကင်းဝေးစေရန် ဖြစ်ပါကြောင်း၊ ငယ်ပေါင်း မိတ်ဆွေဟောင်းများနှင့် ပြန်လည်ဆုံစည်းနိုင်စေရန်၊ မိတ်ဆွေသစ်များတိုးပွားရရှိနိုင်စေရန်၊ သက်ရှိထင်ရှား ရှိသူများ သတင်း ဖလှယ် နိုင်စေရန်၊ ရှေးဟောင်းနှောင်းဖြစ်များ ပြန်လည်သတိရ ပြောဆို စကားဝိုင်းဖွဲ့ခြင်းဖြင့် စိတ်ဖိစီးမှုကင်းဝေး၍ လန်းဆန်းတက်ကြွစေရန် ရည်ရွယ်ချက်များနှင့် ကျင်းပခြင်းဖြစ်ပါကြောင်း၊ သက်ကြွယ်တွေ့ဆုံပွဲကို ပထမအကြိမ် (၄၈)ဦးနှင့် စတင်ကျင်းပခဲ့ပြီး လစဥ် လ၏ပထမပတ် စနေနေ့တွင်ကျင်းပခဲ့ရာ ယခုအကြိမ်အပါအဝင် (၁၇)အကြိမ်မြောက်ရှိပြီဖြစ်ပါကြောင်း၊ အကြိမ်တိုင်းကို မပျက်မကွက်တက်ရောက်ပေးကြတဲ့ သက်ကြွယ်များကို အထူးကျေးဇူးတင်ပါကြောင်း၊ သက်ကြွယ်တွေ့ဆုံပွဲကို လစဥ်ကျင်းပသွားမည်ဖြစ်သဖြင့် ပျော်ပျော်ရွှင်ရွှင်နှင့် ပါဝင်တက်ရောက် ပေးကြပါရန် တိုက်တွန်းလိုကြောင်းပြောကြားခဲ့သည်။

ထို့နောက် ဘာသာအလိုက်ဆုတောင်းမေတ္တာပို့သကြပြီး ​သြဂုတ်လမွေးနေ့ရှင်များကို ဂုဏ်ပြုခြင်း၊ မိမိတို့၏အတွေ့အကြုံများကိုပြောကြားခြင်း၊ သီချင်းများသီဆိုကခုန်ခြင်းတို့ဖြင့် ပျော်ရွှင်စွာဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။