ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန ၌
သတင်းရေးသား ရိုက်ကူးတည်းဖြတ်နည်း သင်တန်းဖွင့်လှစ်
တောင်ကြီး ဩဂုတ် ၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ဖွင့်လှစ်သည့် သတင်းရေးသားရိုက်ကူးတည်းဖြတ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ(၇) ရက်၊ နံနက်(၈)နာရီခွဲက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(တောင်ကြီး)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် တက်ရောက်အဖွင့်အမှာစကား ပြော ကြားသည် ။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် က သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အတွက် အရေးပါသည့် မီဒီယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး သတင်းရေးသားထုတ်ပြန်ခြင်းနှင့် သတင်းဓာတ်ပုံ/ဗွီဒီယို ရိုက်ကူးတည်းဖြတ်နည်း သင်တန်းဖွင့်လှစ်နိုင်သဖြင့် သတင်းမီဒီယာလုပ်ငန်းများ ဆောင်ရွက်နေသည့် ဝန်ထမ်းများအနေဖြင့် ခေတ်နှင့်အညီ အရည်အသွေးရှိ၊ တန်းဖိုးရှိသည့် သတင်းများ ရေးသားထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း၊ သတင်းမှန်များကို ပြည်သူလူထုထံ တင်ပြရာ၌ သတင်းစာသား၊ ဓာတ်ပုံ၊ အရုပ်/ အသံများကို တိကျမှန်ကန်၊ မြန်ဆန်စွာဖြင့် ထိရောက်ပေါ်လွင်အောင် တင်ပြနိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သတင်းမီဒီယာကျင့်ဝတ်၊ စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်ပြီး ပြည်သူများထံ သတင်း အချက်အလက်များအား စိတ်ဝင်စားဖွယ် ထိရောက်အကျိုးရှိစွာ တင်ဆက်နိုင်ရေး သင်တန်း ဖွင့်လှစ်ပေးခြင်း ဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် ကြိုးစားလေ့လာသင်ယူကြရန်နှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုများကို ပြန်လည်သတင်းရေးသားထုတ်ပြန်ပေးကြရန် အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့က သင်တန်းအတွက် ထောက်ပံ့သည့်ငွေများကို ပြည်နယ် ဝန်ကြီးက ပေးအပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးညွှန့်ရွှေ က လက်ခံရယူပြီး၊ ပြည်နယ်ဝန်ကြီးက သင်တန်းနည်းပြများနှင့် သင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက် သည်။
အဆိုပါ သင်တန်းအား သင်တန်းသား(၃၄)ဦးဖြင့် (၇-၈-၂၀၂၄)ရက်နေ့မှ (၁၃-၈-၂၀၂၄)ရက်နေ့ အထိ ဖွင့်လှစ်မည်ဖြစ်ရာ သတင်းတန်ဖိုးနှင့် ထိရောက်သော အချက်အလက်ကို ရှာဖွေ၍ သတင်း ရေးသားနည်း၊ သတင်းစာသားနှင့် ကင်မရာရိုက်ချက် ကိုက်ညီမှုရှိစေရန် ရိုက်ကူး ရေးသားနည်း၊ အင်တာဗျူးမေးမြန်းနည်း၊ အခြေခံဓာတ်ပုံ/ဗီဒီယို ရိုက်ကူးနည်း၊ ရုပ်သံ လက်တွေ့ရိုက်ကူး တည်းဖြတ်နည်း စသည့် ဘာသာရပ်များကို ပြင်ပပညာရှင်များက စာတွေ့လက်တွေ့ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
