သတင်းရေးသားရိုက်ကူးတည်းဖြတ်နည်းသင်တန်းဆင်းပွဲ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သည့် သတင်းရေးသား၊ရိုက်ကူး၊တည်းဖြတ်နည်း သင်တန်းဆင်းပွဲကျင်းပ

 

တောင်ကြီး ၊ ဩဂုတ် ၁၄

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ဖွင့်လှစ်သည့် သတင်းရေးသား၊ရိုက်ကူး၊တည်းဖြတ်နည်းသင်တန်းဆင်းပွဲကို ယနေ့နံနက် (၉)နာရီက လူထုအခြေပြုဗဟိုဌာန (တောင်ကြီး) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်၊ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားသည်။

 

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ပြည်နယ်သယံဇာတရေးရာဝန်ကြီး က နိုင်ငံတော်အတွက် အရေးပါသည့် မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး သတင်းရေးသားထုတ်ပြန်ခြင်းများကို ပိုမို ကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း ၊ မီဒီယာလုပ်ငန်းဆောင်ရွက် နေကြသည့် ဝန်ထမ်း များအနေဖြင့် ခေတ်နှင့်အညီ အရည်အသွေးရှိရှိ ၊တန်ဖိုးရှိသည့်သတင်းများ ရေးသားထုတ်ပြန် နိုင်စေရေး နှင့် သတင်းရေးသားခြင်း၊ သတင်းဓါတ်ပုံ၊ ဗီဒီယိုရိုက်ကူး၊ တည်းဖြတ်နည်းများကို စနစ်တကျ ကျွမ်းကျင် ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း ၊ မိမိတို့ မီဒီယာ နည်းလမ်းများနှင့်အသိပေးဆောင်ရွက်ရာတွင် မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် လိုအပ် သကဲ့သို့ အရည်အသွေးပြည့်မီပြီး အပြုသဘောဆောင်သည့် သတင်းမှတ်တမ်းဖြစ်ရေး အလေးထား သတိပြုလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ သင်တန်းနည်းပြဆရာ “Founder at Swaitawyeik Production” မှ ဆရာ ဦးကျော်ကျော်ဝင်း က သင်ကြားပြသပေးခဲ့သည့် သတင်းဓါတ်ပုံ၊ဗီဒီယိုရိုက်ကူးနည်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးက သင်တန်းတွင်သင်ကြားပို့ချခဲ့ကြသည့် သင်တန်းနည်းပြ ဆရာ များအား ဂုဏ်ပြုလက်ဆောင်နှင့် မှတ်တမ်းလွှာများကိုပေးအပ်ချီးမြှင့်ပြီး သင်တန်းတွင် ပထမဆု ရရှိ သည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လားရှိုးခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင် ၊ဒုတိယဆုရရှိသည့် လင်းခေးခရိုင်ရုံးမှ ဓါတ်ပုံကျွမ်းကျင်-၂ ဦးစိုင်းဇော်လတ် ၊ တတိယဆုရရှိသည့် ကျောက်တလုံးကြီးမြို့ရုံးမှ ဓါတ်ပုံကျွမ်းကျင်-၂ ဦးဇော်နိုင်လင်း တို့အားဆုများ ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူး ဦးစိုးညွန့်ရွှေ က သင်တန်းတွင် နှစ်သိမ့်ဆုရရှိသည့် တောင်ကြီးခရိုင်ရုံးမှ ဓါတ်ပုံကျွမ်းကျင်-၂ ဦးမောင်မောင်သန်း ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဓါတ်ပုံကျွမ်းကျင်-၂ ဦးခွန်အာကာထွန်း တို့အားဆုများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ရာ သင်တန်းသားတစ်ဦးက လက်ခံ ရယူသည်။ထို့နောက်သင်တန်းသားတစ်ဦးက သင်တန်းသားများကိုယ်စား ကျေးဇူးတင်စကား ပြော ကြားပြီး သင်တန်းတွင်ထူးချွန်ဆုရရှိသူများ၏ သတင်းများနှင့် Video Clip များကို ပြသပေး၍ ပြည်နယ်ဝန်ကြီးက သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

 

အဆိုပါသင်တန်းကို ဩဂုတ်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ သတင်းရေးသားနည်း ၊ အင်တာဗျူး သတင်းရေးသားနည်း၊ဓါတ်ပုံ၊ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်း၊ စာနယ်ဇင်းဆိုင်ရာ ကျင့်ဝတ်များ၊ Documentary Film ရိုက်ကူးတည်းဖြတ်နည်း၊ရုပ်သံသတင်း ရိုက်ကူးနည်းများကို စာတွေ့၊လက်တွေ့ သင်ကြားပြသပေးခဲ့ရာ ဌာနဆိုင်ရာများမှ သင်တန်းသား(၃၄)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။