တောင်ကြီးမြို့၌ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်(Mobile Library Bus)ဖြင့်
စာအုပ်စာစောင်များ အခမဲ့ငှါးရမ်းဆောင်ရွက်ပေး
တောင်ကြီး ဩဂုတ် ၂၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) တောင်ကြီးမြို့မှ တောင်ကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ လက်လှမ်းမီစွာ စာပေဖတ်ရှုလေ့လာနိုင်စေရေး၊ စာဖတ်သည့်အလေ့အထများ တိုးပွားလာစေရေး၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားရရှိပြီး နိုင်ငံတော်ကအားထားရသည့် လူ့စွမ်းအား အရင်းအမြစ်များ တိုးပွားလာစေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်(Mobile Library Bus ) ဖြင့် စာဖတ်သူထံအရောက် အခမဲ့ ဝန်ဆောင်မှုပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် ကုန်းဘောင်ကျေးရွာ နှင့် ပန်သခွားကျေးရွာ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး စာအုပ် စာစောင်များကို အခမဲ့ငှါးရမ်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်(Mobile Library Bus)ပေါ်တွင် သုတ စာအုပ်မျိုးစုံ၊ ရသစာအုပ်မျိုးစုံနှင့် ကလေးစာပေများကို စုံစုံလင်လင်ဖြည့်ဆည်းဆောင်ရွက် ထားပြီး တောင်ကြီးမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ သင်တန်းကျောင်းများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာများသို့ (၂)ပတ်တစ်ကြိမ်သွားရောက်၍ စာအုပ်များ လှည့်လည်ငှါးရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
