နွေရာသီ အခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ တရုတ်၊ ကိုရီးယား၊ ပန်းချီ၊ စစ်တုရင်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

တောင်ကြီးမြို့၌ နွေရာသီ အခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ တရုတ်၊ ကိုရီးယား၊ ပန်းချီ၊ စစ်တုရင်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်ရှိ လူထုအခြေပြု ဗဟိုဌာန၌ မတ်လ ၁၈ ရက် နံနက် ၉ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဖွင့်လှစ်သည့် နွေရာသီ အခြေခံကွန်ပျူတာ၊အင်္ဂလိပ်စာ၊ တရုတ်၊ ကိုရီးယား၊ ပန်းချီ၊ စစ်တုရင်သင်တန်းဖွင့်ပွဲအခမ်းအနား
အခမ်းအနားတွင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်က အမှာစကားပြောကြားရာမှာ ယနေ့ ဖွင့်လှစ်တဲ့ သင်တန်းများဟာဆိုရင် လူငယ်များအတွက် အလွန်အကျိုး ရှိတဲ့ သင်တန်းများပဲဖြစ်ပါကြောင်း၊ နွေရာသီအားလပ်ရက်မှာ လူငယ်များအချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေဖို့နဲ့ ယနေ့ နည်းပညာခေတ်မှာ မဖြစ်မနေ သင်ကြား တတ်မြောက်ထားရမဲ့ ကွန်ပျုတာ ဘာသာရပ်၊ မဖြစ်မနေတတ်မြောက်ထားရမဲ့ ဘာသာစကားများ ၊ လူငယ်များရဲ့ ၊ တီထွင်ဖန်တီးနိုင်မှုစွမ်းရည်များ ၊စိတ်ကူးဉာဏ်များ ၊ အနုပညာအရည်အသွေးများ တိုးတက်စေဖို့အတွက် စစ်တုရင်သင်တန်းနဲ့ ပန်းချီရေးဆွဲနည်း သင်တန်းများဟာ လူငယ်များအတွက် အကျိုးရှိစေတဲ့ သင်တန်းများပဲ ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေဖို့ ဗလငါးတန်နဲ့ ပြည့်စုံတဲ့ လူသားအရင်းအမြစ်တွေ မဖြစ်မနေလိုအပ်တာ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံသားတိုင်းပညာရည် မြင့်မားရေး ၊ အသိပညာဗဟုသုတ တိုးတက်စေရေး စတာတွေကို နိုင်ငံတော်အစိုးရ ၊ ပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာဌာနများက ကဏ္ဍအလိုက်ဆောင်ရွက်ပေးနေတာ ပဲဖြစ်ပါကြောင်း၊ ယနေ့လူငယ်ဆိုတာ အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းများ ဖြစ်တဲ့အတွက် လူငယ်များရဲ့ အတွေးအခေါ် ၊ အတွေ့အကြုံ၊ အရည်အသွေးနဲ့ ကိုယ်စွမ်း ကိုယ်စများ ထူးချွန်ထက်မြတ်နေရမှာဖြစ်သလို ကာယဗလ၊ ဉာဏဗလ ၊ စာရိတ္တ ဗလ ၊ မိတ္တဗလ ၊ ဘောဂဗလ စတဲ့ ဗလငါးတန်နဲ့လည်းပြည့်စုံနေရမှာ ဖြစ်ပါတယ် ။ ဒီလိုပြည့်စုံနေစေဖို့လည်း လူငယ်တွေအတွက်အခွင့်အလမ်းနဲ့ လူငယ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေဖို့ အဘက်ဘက်မှဝိုင်းဝန်းကူညီပံ့ပိုး ပေးကြရမှာ ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်မှ နွေရာသီသင်တန်းများအတွက် သင်ထောက်ကူ ပစ္စည်းများပေးအပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးက လက်ခံရယူသည်။
၎င်းနောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများက နွေရာသီအခြေခံသင်တန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းများကို တစ်လကြာဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၁၈၀ ဦးကျော် တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။