ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ တရုတ်၊ ကိုရီယားစကားပြော၊ ပန်းချီ၊ စစ်တုရင်သင်တန်းဆင်းပွဲကျင်းပ
တောင်ကြီး မေ-၁၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ တရုတ်၊ ကိုရီယားစကားပြော၊ ပန်းချီ၊ စစ်တုရင်သင်တန်းဆင်းပွဲကို မေလ(၁၂)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ လူထုအခြေပြု ဗဟိုဌာန ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က လူထုအခြေပြုဗဟိုဌာန (Community Centre Taunggyi)တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် နွေရာသီ သင်တန်းများ ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏အရေးကြီးဆုံးအရင်းအမြစ်ဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်များအချိန်ကိုတန်ဖိုးရှိရှိ အသုံးချတတ်စေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့် သင်တန်း ဆင်းပွဲသည် Community Centre ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များဖြစ်သည့် အသိပညာ ဗဟုသုတများ၊ သတင်းအချက်အလက်များကို အလွယ်တကူလာရောက်ရှာမှီးနိုင်သည့်နေရာတစ်ခု၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ အသိပညာပေးပြပွဲများဆောင်ရွက်နိုင်သည့်နေရာတစ်ခုဖြစ်စေရန်အတွက် အကောင် အထည်ဖော်ဆောင်ရွက်နေခြင်းလည်းဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် ထူးချွန်ထက်မြတ်ပြီး စွမ်းရည်တွေပြည့်ဝနေစေရန်အတွက် စဥ်ဆက်မပြတ်လေ့လာသင်ယူရန်လိုအပ်သလို၊ ဗဟုသုတ ပြည့်စုံကြွယ်ဝနေစေရန်စာပေများကိုလည်း ဖတ်ရှုလေ့လာရန်လိုအပ်သလို လူငယ်များအနေဖြင့် ဗလငါးတန်ပြည့်စုံပြီး အနာဂတ်မှာနိုင်ငံတော်ကအားကိုးအားထားပြုနိုင်သည့် နိုင်ငံ့သားကောင်း ရတနာများဖြစ်အောင်ကြိုးစားကြရန်ပြောကြားသွားသည်။
ထို့နောက် သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူများအား ဆုတံဆိပ်နှင့်ငွေသားဆုကို ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကချီးမြှင့်ပေး၍လည်းကောင်း၊ နွေရာသီအခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ တရုတ်စကားပြော၊ ကိုရီယားစကားပြော၊ ပန်းချီနှင့် စစ်တုရင်သင်တန်းများအတွက် သင်တန်းဆင်းလက်မှတ်နှင့် မေတ္တာဖြင့်ပါဝင်ကူညီ ဆောင်ရွက် ပေးခဲ့ကြသည့်နည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ချီးမြှင့်ပေးကြပြီး နွေရာသီအခြေခံ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ တရုတ်၊ ကိုရီယားစကားပြော၊ ပန်းချီနှင့်စစ်တုရင်သင်တန်းများအတွက် အလှူငွေများကို ရှမ်းတောင်သတ္တုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဦးအောင်မြင့်ကပေးအပ်ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးညွှန်ရွှေက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြောင်းသိရသည်။
ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူထု အခြေပြုဗဟိုဌာန(Community Centre) ရှိ ပြည်သူ့စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအားကြည့်ရှု စစ်ဆေးပြီး ကလေးစာဖတ်ခန်းတွင် ငြိမ်းချမ်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ ကလေးများ ဆေးရောင်ခြယ်နေမှုကို ကြည့်ရှုအားပေး၍ ကလေးများအား ဗလာစာအုပ်နှင့် စားစရာမုန့်များဝေငှပေးခဲ့ကြောင်း သိရှိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်ရှိ ရှုခင်းသာပန်းခြံရှေ့ ရေမြောင်းဝန်းကျင်အဆင့်မြှင့်တင်ခြင်းနှင့် သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးဌာန အင်ဂျင်နီယာမှူးဦးဖြိုးပြည့်ဟိန်းမှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က သစ်ပင်များစိုက်ပျိုးပေးရန်နှင့် မိုးမကျမီဆောင်ရွက် ပေးစေလိုကြောင်းနှင့် လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ကြောင်းသိရှိရသည်။



