ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီပေးရေးလုပ်ငန်းကော်မတီ၏ Hotel -Training(HouseKeeping) နှင့် (Waiter & Waitress)သင်တန်းဆင်းပွဲ တက်ရောက်ချီးမြှင့်
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ မတ်(၁၁)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ Hotel-Training(Housekeeping)နှင့် (Waiter&Waitress)သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးကော်မတီနာယက၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီအနေဖြင့် ပထမငါးနှစ်စီမံချက်ငါးနှစ်တာကာလမှာ ရှမ်းပြည်နယ်အစိုးရ၏ ထောက်ပံ့ငွေနှင့်သက်မွေးသင်တန်း(၃၀)က သင်တန်းသား၊ သင်တန်းသူ(၆၅၇)ဦးကို အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်မှုကို တွေ့ရှိရပါကြောင်း၊ ဒုတိယငါးနှစ်စီမံချက်ကာလအတွင်း၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် သက်မွေးသင်တန်း(၈)မျိုးမှ သင်တန်းသား၊ သင်တန်းသူ(၂၄၀)ဦးကို အလုပ်အကိုင်များရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခု၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် သက်မွေးသင်တန်း(၆)မျိုးမှ သင်တန်းသား၊သင်တန်းသူ(၁၈၀)ဦးကို အလုပ်အကိုင်များရရှိအောင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ချိန်ခါမှီဓမ္မလုံးကောင်ကျောင်းတိုက်တွင် ဖွင့်လှစ်ပေးခဲ့သည့် လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းနှင့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းတို့မှ သင်တန်းသား၊ သင်တန်းသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တစ်နိုင်တစ်ပိုင် လုပ်ငန်းထူထောင်နိုင်ရန် ငွေကျပ် ၁၀.၂၅၉ သန်းထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုအခါ လုပ်ငန်းများ လည်ပတ်လျက်ရှိပြီး ဝင်ငွေရရှိနေပြီဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးကော်မတီနာယက၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က Hotel-Training(HouseKeeping)သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်က Hotel-Training(Waiter& Waitress)သင်တန်းမှသင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း ပေးအပ်ခဲ့ကြသည်။
ယင်းနောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက နည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာနရှိ ကွန်ပျူတာသင်တန်းခန်းမ၊ အားကစားခန်းမ၊ ပြည်သူ့စာကြည့်တိုက်နှင့် ပြတိုက်ငယ်တို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်စွက်မှာကြားခဲ့သည်။



