တောင်ကြီးမြို့တွင် သက်ကြီးစာပေ ပညာရှင်များ ပူဇော်ကန်တော့ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ တောင်ကြီး မြို့နယ်၏ စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် ၁၀ နာရီကကျင်းပသည်။

ရှေးဦးစွာ တောင်ကြီးမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာမောင်ခွန်နွယ်(အင်းလေး) က အဖွင့်အမှာစကား ပြောကြားပြီး ဆရာရဲဘော်မြသိန်း က မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို)မှ ပေးပို့သော သဝန်လွှာအားဖတ်ကြားသည်။

ထို့နောက် ဆရာမ သျှီ(အင်ကြင်း) က မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို)မှ ပေးပို့သော အသင်းအဖွဲ့စည်းမျဉ်းကို ဖတ်ကြားပြီး တောင်ကြီးမြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး ဦးစည်သာဟိန်းက တစ်နှစ်တာဆောင်ရွက်ချက် ဘဏ္ဍာရေးရှင်းတမ်းများကိုတင်ပြသည်။

ဆက်လက်၍ ၂၀၂၁ ခုနှစ် စာပေဗိမာန်စာမူဆုပြိုင်ပွဲ၊ ကလေးစာပေဆု ဘာသာရပ်တွင် တတိယဆု ရရှိသော ဆရာရဲဘော်မြသိန်း အား မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌက ဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့ပြီး ကန်တော့်ခံ သက်ကြီးစာပေပညာရှင် ဆရာလှယဉ်ဦး(မိုင်းဆတ်) အား စာပေပညာရှင်၊ ဝါသနာရှင်များက ကန်တော့ကြကြောင်းနှင့် အခမ်းအနားသို့ မတက်ရောက်နိုင်သည့် စာပေပညာရှင်များအား နေအိမ်များသို့ သွားရောက်ကန်တော့ ကြကြောင်းသိရသည်။