ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ဆရာမကြီး သျှီ(အင်ကြင်း)၊ ဆရာကြီး ကြည်စိုး (တောင်ကြီး)၊ ဆရာမကြီး ဆွေကြည်အေး၊ ဆရာကြီး နန်းရွှေလီကြိုင်(မိုင်းပန်) နှင့် ဆရာမကြီး ငွေခြည်လင်းလက်(မြန်မာစာ)တို့ စုစည်းရေးသားထုတ်ဝေသည့် ချယ်ရီပန်းနု အလှစာစုများ စာအုပ်မိတ်ဆက်ပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ယနေ့နံနက် ၁၀ နာရီက တောင်ကြီးမြို့ လူထုအခြေပြု ဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဆရာမကြီး သျှီ(အင်ကြင်း)က အဖွင့်အမှာစကားပြောကြားပြီး စာအုပ် ဖြစ်ပေါ်လာပုံနှင့် စာအုပ်ပါအကြောင်းအရာများကိုလည်းကောင်း၊ ဆရာကြီး ကြည်စိုး (တောင်ကြီး)၊ ဆရာမကြီး ဆွေကြည်အေး၊ ဆရာကြီး နန်းရွှေလီကြိုင်(မိုင်းပန်)နှင့် ဆရာမကြီး ငွေခြည်လင်းလက်(မြန်မာစာ)တို့က စာအုပ်ပါ အကြောင်းအရာများနှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီး မိတ်ဆက် ရှင်းလင်းပြောကြားကြသည်။ထို့နောက် စာရေးဆရာကြီး ဒေါက်တာအောင်ကျော်က ချယ်ရီပန်းနု အလှစာစုများစာအုပ်နှင့် စပ်လျဉ်း၍ မုဒိတာစကားပြောကြားခဲ့ကြောင်းနှင့် တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများ က ချယ်ရီပန်းနု အလှစာစုများစာအုပ်အား ဝယ်ယူအားပေးကြရာ စာရေးဆရာ ကလောင်ရှင်များက လက်မှတ်ရေးထိုး၍ အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။