အခမ်းအနားမှူးနှင့် အခြေခံစာကြည့်တိုက်ပညာသင်တန်းဆင်းပွဲကျင်းပ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း အမှတ်စဥ်(၁/၂၀၂၄)နှင့် အခြေခံစာကြည့်တိုက်ပညာသင်တန်း အမှတ်စဥ်(၁/၂၀၂၄)ဆင်းပွဲ ကို ဇွန်(၁)ရက်နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပ

 

သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က စာကြည့်တိုက်များ ရေရှည်ရှင်သန်ခိုင်မာပြီး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စံ(၅)ချက်နှင့်ညီညွတ်သည့် စာကြည့်တိုက်များဖြစ်ရေး တည်ထောင်ဖွင့်လှစ်သည့်အခါ အဓိကအရေးပါသည့် အခန်းကဏ္ဍမှာပါဝင်သော စာကြည့်တိုက်မှူးများ၏ အရည်အသွေးများတိုးတက်လာစေရန်နှင့် စည်းစနစ်ကျနပြီး အရည်အချင်းပြည့်ဝသော မျိုးဆက်သစ်အခမ်းအနားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်ပြီး ဖွင့်လှစ်သည့်သင်တန်းများ အောင်မြင်စွာပြီးစီးသည့် သင်တန်းဆင်းပွဲဖြစ်ပါကြောင်း၊ စာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်းတွင် စာကြည့်တိုက်သမိုင်းကြောင်း၊ စာကြည့်တိုက်စီမံခန့်ခွဲခြင်းအကြောင်း၊ စာကြည့်တိုက်မျိုးတူစုလုပ်ငန်းများအကြောင်း၊ ကတ်တလောက်ရေးသွင်းနည်းအကြောင်း၊ စာပေပစ္စည်းထိန်းသိမ်းနည်းအကြောင်း၊ စာစု၊ စာပြု၊ စာဌားလုပ်ငန်းများအကြောင်း အပြင်ပုဂ္ဂလိကစာကြည့်တိုက်ပညာရှင်များကိုပါဖိတ်ကြားပြီး လက်တွေ့ ဆောင်ရွက်နေသည့် စာကြည့်တိုက်လုပ်ငန်းများကို သင်ကြားပို့ချဆွေးနွေးပေးခဲ့သည်ကို သိရပါကြောင်း၊ အခမ်းအနားမှူးသင်တန်းတွင်လည်း အတွေ့အကြုံရင့်ကျက်သည့် ပညာရှင်ဆရာ၊ ဆရာမများကိုဖိတ်ကြားပြီး အခမ်းအနားမှူးတစ်ယောက်မှာ ရှိရမည့်အရည်အချင်းများ၊ အခမ်းအနားအမျိုးအစားများ၊ အသုံးအနှုန်းနှင့်ဝေါဟာရများ မှန်ကန်စွာသုံးစွဲရေးနှင့် လေယူလေသိမ်းများ၊ သဒ္ဒါအသုံးအနှုန်းများ မှန်ကန်စေရန် လက်တွေ့လေ့ကျင့်ခြင်းများကို သင်ကြားဆောင်ရွက်ပေးခဲ့သည့်ကို သိရပါကြောင်း ၊သင်တန်းသား၊ သင်တန်းသူများကို မှာကြားလိုသည်မှာ သင်တန်းကသင်ကြားပို့ချ ဆွေးနွေးသည့်ဘာသာရပ်များကို မိမိတို့လက်တွေ့နယ်ပယ်တွင် ထိထိရောက်ရောက်ဖြစ်အောင် ပြန်လည်အသုံးချပေးကြရန်နှင့် စာကြည့်တိုက်ကို လက်တွေ့တာဝန်ယူ ဆောင်ရွက်နေကြသည့် စာကြည့်တိုက်မှူးများအနေဖြင့် စာကြည့်တိုက်ပိုင်းဆိုင်ရာ ပညာရပ်များကို လက်တွေ့အသုံးချပြီး မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် စာကြည့်တိုက်များ ရေရှည်ရှင်သန်ခိုင်မာ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်၊ အခမ်းအနားမှူးသင်တန်းကို တက်ရောက်ခဲ့ကြသည့်သင်တန်းသား၊ သင်တန်းသူများကလည်း အခမ်းအနားမှူးနှင့် သက်ဆိုင်သည့် ပညာရပ်များကို ဆက်လက်ဆည်းပူးလေ့လာကြရန်နှင့် ပြည်နယ်အစိုးရအဖွဲ့၊ မိမိဌာနကအားကိုးအားထားပြုနိုင်သည့် စနစ်ကျနပြီးအခမ်းအနားတစ်ခုကို စ၊ လယ်၊ ဆုံး အောင်မြင်စွာတာဝန်ယူ ဆောင်ရွက်နိုင်သည့် အခမ်းအနားမှူးကောင်း တစ်ယောက်ဖြစ်အောင် ဆက်လက်ကြိုးစား ဆောင်ရွက်သွားကြရန်ပြောကြားသည်။ ဆက်လက်၍ အခြေခံစာကြည့်တိုက်ပညာ သင်တန်းတွင် မေတ္တာဖြင့်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးညွန့်ရွှေက ပေးအပ်၍လည်းကောင်း၊ အခမ်းအနားမှူးသင်တန်းတွင် မေတ္တာဖြင့်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် သင်တန်းနည်းပြများအား ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးတို့ကလည်းကောင်း၊ အခမ်းအနားမှူးသင်တန်းနှင့် အခြေခံစာကြည့်တိုက်ပညာ သင်တန်းတွင် နှစ်သိမ့်ဆုရရှိသူများအား ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးကလည်းကောင်း၊ အခမ်းအနားမှူးသင်တန်းနှင့် အခြေခံစာကြည့်တိုက်ပညာ သင်တန်းတွင်တက်ရောက် အောင်မြင်ခဲ့သည့်သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသား(၂)ဦးအား သင်တန်းဆင်းလက်မှတ်များကို ပြည်နယ်လူမှုရေးရာ ဝန်ကြီးကလည်းကောင်း၊ အခမ်းအနားမှူးသင်တန်းနှင့် အခြေခံစာကြည့်တိုက်ပညာ သင်တန်းတွင် နှစ်သိမ့်ဆုနှင့် တတိယဆုရရှိသူများကို ပြည်နယ်သယံဇတရေးရာဝန်ကြီး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးတို့ကလည်းကောင်း၊ ဒုတိယဆုရရှိသူများကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက လည်းကောင်း၊ ပထမဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့က အသီးသီးချီးမြှင့်ပေးကြပြီး လူထုအခြေပြုဗဟိုဌာနအတွက် Digital Projectorတစ်စုံအား ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ လက်ခံရယူပြီး သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသူနှစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်းသိရသည်။

အဆိုပါ အခမ်းအနားမှူးသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ(၅၃)ဦး၊ အခြေခံစာကြည့်တိုက်ပညာ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ(၅၀)ဦး တက်ရောက်ကြပြီး သင်တန်းကို ၂၀၂၄ခုနှစ် မေလ(၂၇)ရက်မှ (၃၁)ရက်နေ့အထိ သင်ကြားပို့ချပေးလျက်ရှိကြောင်းသိရသည်။