သက်ကြွယ်တွေ့ဆုံပွဲ

တောင်ကြီးမြို့၌ သက်ကြွယ်တွေ့ဆုံပွဲကျင်းပ

တောင်ကြီး ဇွန် ၁

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် အသက်(၆၀)နှစ် အထက် ကျား/မ မရွေး လူမျိုး- ဘာသာ- အဆင့်အတန်းမရွေး အားလုံးပါဝင်နိုင်သော သက်ကြွယ်များဆုံစည်းရာ သက်ကြွယ်တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

တွေ့ဆုံပွဲတွင် သက်ကြွယ်တွေ့ဆုံပွဲကို ဦးဆောင် ဆောင်ရွက်နေသည့် ဒေါက်တာဘသိန်းဝင်း က တွေ့ဆုံပွဲကျင်းပဆောင်ရွက်ခြင်းသည် သက်ကြီးရွယ်အိုများ (သက်ကြွယ်များ) အိမ်ထဲတွင်သာ နေရ၍ အသွားအလာလှုပ်ရှားမှုမရှိ၊ အထီးကျန်စိတ်အားငယ်မှု လျော့ပါးကင်းဝေးစေရန်၊ ငယ်ပေါင်းမိတ်ဆွေဟောင်းများနှင့် ပြန်လည်ဆုံစည်းနိုင်စေရန်၊ မိတ်ဆွေသစ်များ တိုးပွားရရှိနိုင် စေရန်၊ သက်ရှိထင်ရှားရှိသူများ သတင်းဖလှယ်နိုင်စေရန်၊ ရှေးဟောင်းနှောင်းဖြစ်များ ပြန်လည်သတိရပြောဆို စကားဝိုင်းဖွဲ့ခြင်းဖြင့် စိတ်ဖိစီးမှုကင်းဝေး၍ လန်းဆန်းတက်ကြွစေရန် ရည်ရွယ်ချက်များနှင့် ကျင်းပခြင်းဖြစ်ပါကြောင်း၊ သက်ကြွယ်တွေ့ဆုံပွဲကို ပထမအကြိမ် (၄၈)ဦးနှင့် စတင်ကျင်းပခဲ့ပြီး အကြိမ်တိုင်းကို မပျက်မကွက်တက်ရောက်ပေးကြတဲ့ သက်ကြွယ်များကို အထူးကျေးဇူးတင်ပါကြောင်း၊ သက်ကြွယ် တွေ့ဆုံပွဲကို လစဉ်ကျင်းပသွားမည်ဖြစ်သဖြင့် ပျော်ပျော်ရွှင်ရွှင်နှင့်ပါဝင်တက်ရောက်ပေးကြပါရန် တိုက်တွန်းလိုကြောင်းပြောကြားခဲ့သည်။

ထို့နောက် ဘာသာအလိုက် ဆုတောင်းမေတ္တာပို့သကြပြီး ဇွန်လမွေးနေ့ရှင်များအားဂုဏ်ပြုခြင်း၊ အဖေများ၏ကျေးဇူးကြီးမားပုံများကို ဟောပြောခြင်း၊ အဖေများနေ့ သီချင်းများသီဆို ကခုန်ခြင်း၊ ဂိမ်းကစားခြင်း၊ လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ အလှူငွေများပေးအပ်လှူဒါန်းခြင်းတို့ဖြင့် ပျော်ရွှင်စွာ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။