ရှမ်းပြည်နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကို တောင်ကြီး မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန ( Community Centre – Taunggyi) အစည်းအဝေးခန်းမတွင် ကျင်းပ သည်။
အစည်းအဝေးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ရှမ်းပြည်နယ်ရုံး မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦး က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်တွင် ကာယ၊ ဉာဏပြိုင်ပွဲများ ထည့်သွင်းကျင်းပနိုင်ရေး ၊အမှတ်ပေးစည်းမျဉ်းများ၊ ပြိုင်ပွဲတွင်ပါဝင် ယှဉ်ပြိုင်ရမည့် မိသားစု ဝင်ကျောင်းများမှ ကျောင်းသားဦးရေများ၊ ဖွင့်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပမည့် အခြေအနေများ၊ စာပေဟောပြောပွဲ နှင့် စာပေစကားဝိုင်းများ ထည့်သွင်းကျင်းပမည့် အခြေအနေများကို ဆွေးနွေးသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ကြီးများ ၊ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ၊ဆရာမများ က ပြိုင်ပွဲ ကျင်းပမည့် အခြေအနေများ၊ စာပေဟောပြောပွဲ၊စာပေစကားဝိုင်းထည့်သွင်းကျင်းပမည့်အခြေအနေများ ၊အမှတ်ပေးစည်းမျဉ်းများ ၊ပြိုင်ပွဲခေါင်းစဉ်များ ၊ အခမ်းအနားပြင်ဆင်ခြင်းများကို ထည့်သွင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို (၁၃)ကြိမ်ကျင်းပရန် လျာထားပြီး ယခု အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပ ဆောင်ရွက်မည့်ပွဲတော်သည် တောင်ကြီးမြို့တွင် တတိယအကြိမ်မြောက် ကျင်းပမည့်ပွဲတော်ဖြစ်ကြောင်း သိရှိရသည်။
