ဝန်ဆောင်မှုများ

ပြည်သူ့စာကြည့်တိုက်

၁။      Community Centre Taunggyi ပထမထပ်တွင် ပြည်သူ့စာကြည့်တိုက်ရှိပြီး သုတ စာအုပ်ပေါင်း( ၁၀၀၀၀ )ကျော်၊ ရသစာအုပ်ပေါင်း ( ၁၉၅၀၀ ) ကျော်ကို စာကြည့်တိုက် အသင်းဝင် ရောက်ပြီး အခမဲ့ငှါးရမ်း ဖတ်ရှုနိုင်ပါသည်။ ပြည်သူ့ စာကြည့်တိုက်ကို အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့ထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ လာရောက်ငှါးရမ်းဖတ်ရှုနိုင်ပြီး စာကြည့်တိုက်အတွင်း စိတ်အေးချမ်းသာစွာ စာပေဖတ်ရှုနိုင်စေရန် စာဖတ်ခန်းများစီစဉ်ထားရှိပြီး အင်တာနက်အခမဲ့ သုံးစွဲနိုင်ရေး ဝန်ဆောင်မှုများ ပေးထားသဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် မည်သူမဆို လာရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

ကလေးစာဖတ်ခန်း

၂။       ကလေးစာဖတ်ခန်းအတွင်း ကလေးအကြိုက် ကာတွန်းရုပ်ပြများ၊ ပညာပေးပုံပြင်များ၊ ကလေး စာပေများကို ခင်းကျင်းပြသထားပြီး ကလေးများဆော့ကစားနိုင်ရန် အရုပ်ဆက်ပစ္စည်းများ၊ ဆေးရောင်ချယ် ပစ္စည်းများ စသည့် ကလေးကစားစရာများ၊ ကလေးများကာတွန်းကြည့်ရှုနိုင်ရန် အတွက် ကာတွန်းရုပ်ရှင် ဇာတ်လမ်းများကိုလည်း ကလေးများ စိတ်ချမ်းသာပျော်ရွှင်စေရန် ဖွင့်လှစ် ပြသပေးထားသဖြင့် လာရောက်အပန်းဖြေ ဆော့ကစားရင်း ကလေးစာပေများကို ဖတ်ရှုလေ့လာနိုင် ပါသည်။

စာ‌ပေဗိမာန်စာအုပ်အရောင်းဆိုင်

၃။      စာပေဗိမာန်အစာအုပ်အရောင်းဆိုင်ကို နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ တနင်္လာနေ့မှ သောကြာနေ့ထိ ဖွင့်လှစ်ထားရှိပြီး စာပေဗိမာန်စာမူဆုရ စာအုပ်စာစောင်များ၊ စိုက်ပျိုးရေးနည်းလမ်း ကောင်းများ၊ သိမှတ်ဖွယ်ရာ ဗဟုသုတ အဖြာဖြာစာအုပ်များ၊ မြန်မာ့ စွယ်စုံကျမ်းများ စသည့် စာအုပ်များကို စျေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်ပါသည်။

အစည်းဝေးခန်း

၄။      Community Centre Taunggyi တတိယထပ်တွင် လူဦးရေ (၂၃)ဦးဆန့် အစည်းဝေးခန်းရှိပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများအတွက် တိုင်ပင်ဆွေးနွေးနိုင်ရန် ယူပုံစားပွဲ၊ ဆုံလည်ကုလားထိုင်၊ တစ်ဦးချင်းအလိုက် မိုက်စတင်းများဖြင့် ခမ်းနားစွာပြင်ဆင်ထားရှိသဖြင့် မည်သည့်အဖွဲ့အစည်းမဆို ပြည်သူ့ အကျိုးအတွက် တိုင်ပင်ဆွေးနွေး ညှိနှိုင်းလိုပါက အခမဲ့လာရောက် အသုံးပြုနိုင်ပါသည်။

သင်တန်းခန်းမ

၅။      Community Centre Taunggyi တတိယထပ်တွင် သင်တန်းသား(၃၀)ဦး တက်ရောက်နိုင် သည့် သင်တန်းခန်းမ ဖွင့်လှစ်ထားရှိပြီး အင်္ဂလိပ်စာအခြေခံသင်တန်း၊ အခြေခံစာရင်းကိုင်သင်တန်း များကို စဉ်ဆက်မပြတ် ဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး ကိုရီးယား ဘာသာစကားသင်တန်းကို မကြာမီ ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်သဖြင့် ဖွင့်လှစ်ပေးလျက်ရှိသည့်သင်တန်းများတွင် သင်တန်းတက် ရောက်လိုပါက စာရင်းရေးသွင်းပြီး မည်သူမဆိုအခမဲ့ တက်ရောက် သင်ကြားနိုင်ပါသည်။

ကွန်ပျူတာခန်း

၆။      Community Centre Taunggyi တတိယထပ်တွင် ကွန်ပျူတာခန်းရှိပြီး ကွန်ပျူတာအသစ် (၂၁) လုံး တပ်ဆင်ထားကာ တစ်ကြိမ်လျှင်သင်တန်းသား(၂၀)ဦးဖြင့် အခြေခံသင်ကွန်ပျူတာ သင်တန်း များကို စဉ်ဆက်မပြတ်အခမဲ့ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ ကွန်ပျူတာ တတ်ချင်သူများ၊ အလုပ်အကိုင်အခွင့် အလမ်းအတွက် ကွန်ပျူတာတတ်ချင်သူများ၊ လေ့လာချင်သူများ မည်သူမဆို စာရင်းပေးသွင်းပြီး အခမဲ့တက်ရောက်နိုင်ပါသည်။ အခြေခံတတ်မြောက်ထားပြီး သူများအနေဖြင့် အဆင့်မြင့် သင်တန်းများလည်း ဆက်လက်ဖွင့်လှစ် သွားမည်ဖြစ်သဖြင့် ကြိုတင်စာရင်း ပေးသွင်းထား နိုင်ပါသည်။

ဘက်စုံသုံးခန်းမ

၇။      Community Centre Taunggyi ပဉ္စမထပ်တွင် ဘက်စုံသုံးခန်းမရှိပြီး အခမ်းအနားကျင်းနိုင် သည့် စင်မြင့်၊ အသံပိုင်းဆိုင်ရာ၊ လူဦးရေ (၁၀၀) ဦးခန့် တက်ရောက်နိုင်သည့် ထိုင်ခုံများဖြင့် ခမ်းနား စွာ ပြင်ဆင်ထားရှိပြီး သင်တန်းဖွင့်ပွဲ/ဆင်းပွဲများ၊ စကားဝိုင်းများ၊ ပြပွဲ/ပြိုင်ပွဲများ ဌာနဆိုင်ရာအခမ်း အနားများစသည့် အခမ်းအနားများကို ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများအနေဖြင့် ပြည်သူ့အကျိုးအတွက် အခန်းအသုံးပြုလိုပါက လာရောက် ဆက်သွယ်၍ အခမဲ့ အသုံးပြုနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

အားကစားခန်းမ

၈။      Community Centre Taunggyi စတုတ္ထထပ်တွင် အားကစားခန်းမဖွင့်လှစ်ထားရှိပြီး ခန်းမ အတွင်း Gym ပစ္စည်း(၁၀)မျိုးဖြည့်ဆည်းဆောင်ရွက်ပေးထားပြီး ကိုယ်ခန္ဒာကျန်းမာကြံ့ခိုင်ရေး အတွက် Gym နှင့် Zumba သင်တန်းများဖွင့်လှစ်ထားရှိပြီး နေ့စဉ်နည်းပြများဖြင့် အခမဲ့သင်ကြား ပြသပေးလျက်ရှိရာ အားကစား ဆောင်ရွက်လိုသူ မည်သူမဆို စာရင်း‌ရေးသွင်းပြီး အခမဲ့ လာရောက် ကစားနိုင်ပါသည်။

ဟင်းလင်းပြင်ကာယလေ့ကျင့်ခန်း

၉။      Community Centre Taunggyi ဆဌမထပ်တွင် ဟင်းလင်းပြင် ကာယလေ့ကျင့်ခန်းရှိပြီး နေ့စဉ် Zumba အားကစားသမားများဖြင့် စဉ်ဆက်မပြတ် ကစားဆောင်ရွက်လျက်ရှိရာ အားကစား လုပ်ချင်သူများ မည်သူမဆို လာရောက်ကစားနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

အနုပညာခန်း

၁၀။     Community Centre Taunggyi မြေညီထပ်တွင် သင်တန်းသား(၃၀)ဦး တက်ရောက် သင်ယူနိုင်သည့် အနုပညာခန်းမ ဖွင့်လှစ်ထားရှိပြီး ပန်းချီသင်တန်း၊ စစ်တုရင်သင်တန်းနှင့် လူမှုရေး အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ သင်တန်းများ၊ ပြပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး သင်တန်းများတွင် သင်တန်းတက်ရောက်လိုပါက စာရင်းရေးသွင်းပြီး မည်သူမဆိုအခမဲ့ တက်ရောက်သင်ကြားနိုင်ပါသည်။

ကလေးကစားကွင်း

၁၁။    Community Centre Taunggyi ရုံးအဆောက်အဦဝန်းအတွင်း ကလေးကစားကွင်းထားရှိပြီး ကလေးများ စိတ်ချမ်းမြေ့ ပျော်ရွှင်စေရန်၊ အားလပ်ချိန်များတွင် ပျော်ရွှင်စွာလာရောက် ဆော့ကစား နိုင်စေရန် ဒန်း၊ စီးဆော နှင့် Table Tennis ခုံများ ထားရှိပြီး ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

ကားပါကင်

၁၂။    Community Centre Taunggyi ရုံးအဆောက်အဦဝန်းအတွင်း Community Centre သို့ လာရောက်သုံးပြုသူများ အနေဖြင့် စိတ်ချမ်းမြေ့စွာ လာရောက်အသုံးပြုနိုင်ရန်အတွက် မိမိတို့စီးနင်း လာသော မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ ပျောက်ဆုံးမှုမရှိစေရေးအတွက် ရုံးဝန်းအတွင်း ကားပါကင်ထားရှိပြီး ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။

ပြည်နယ်ရုံးနှင့် ခရိုင်ရုံး

၁၃။      ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ်ရုံးနှင့် တောင်ကြီးခရိုင်ရုံးကို ဒုတိယထပ်တွင် ဖွင့်လှစ်ထားရှိပြီး ဝန်ဆောင်မှုလုပ်ငန်းများ၊ ရုံးလုပ်ငန်းများနှင့်စပ်လျဉ်း၍ သိရှိမေးမြန်းစုံစမ်းလိုသည်များကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။