တောင်ကြီးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ကျင်းပ
တောင်ကြီး သြဂုတ် ၂၇
ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန်၊ စာဖတ်သည့်အလေ့ကျင့် ကောင်းများရရှိပြီး အသိပညာဗဟုသုတနှင့်ပြည့်စုံသည့် လူငယ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို သြဂုတ်လ(၂၇)ရက်နေ့၊ မနက်ပိုင်းက၊ တောင်ကြီးမြို့၊ အမှတ်(၄)အခြေခံပညာ
အထက်တန်းကျောင်း၌ ကျင်းပကြောင်းသိရသည်။
ဦးစွာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် လူငယ်ရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးက ဗလငါးတန်နှင့်ပြည့်စုံသည့်လူငယ်များဖြစ်ပေါ်လာစေရေး အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို
ရှင်းလင်းပြောကြားသည်။ ထို့နောက်လူငယ်စကားဝိုင်းကိုကျင်းပရာ စကားဝိုင်းတွင်ပါဝင်ဆွေးနွေးသည့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ လေးများက လူငယ်နှင့်ဆိုရှယ်မီဒီယာ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့်စာဖတ်ခြင်းစသည့်ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြရာ စကားဝိုင်းသို့တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူလေးများက သိရှိလိုသည်များ အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းနောက် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများကို အားကစားနှင့်ကာယာပညာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးကပေးအပ်ရာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးကလက်ခံရယူပြီး
လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား/ကျောင်း သူများအတွက် အမှတ်တရလက်ဆောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးက ပေးအပ်ခဲ့ကြောင်း သိရသည်။




