ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဒီဂရီကောလိပ်တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဇွန်လ ၁၉ ရက်နေ့ မွန်းလွှဲ ၁း၃၀ အချိန်က တောင်ကြီးမြို့၊ ပညာရေးဒီဂရီကောလိပ်၊ ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဦးစွာ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီဒုတိယဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဒေါ်နန်းခမ်းလူက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးညွှန့်ရွှေက လူငယ်စကားဝိုင်းကျင်းပရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် လူမှုရေးရာဝန်ကြီးက အားကစားပစ္စည်းများကို ပေးအပ်ရာ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ပါသည်။ဆက်လက်၍ လူမှုရေးရာဝန်ကြီး၊လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်တာဝန်ရှိသူများက လူငယ်စကားဝိုင်းဆွေးနွေးမည့်ကျောင်းသားကျောင်းသူများနှင့် စေ့စပ်ညှိနှိုင်းရေးမှူးတို့ကို အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ယင်းနောက် လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရာ လူငယ်နှင့်အားကစား ၊ လူငယ်နှင့်နည်းပညာ ၊လူငယ်နှင့်မူးယစ်ဆေးဝါး ၊ လူငယ်နှင့်ကျန်းမာရေး ၊ လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။
လူငယ်စကားဝိုင်းသို့ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီဒုတိယဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးခွန်သန်းထူး၊ တိုင်ရင်းသားရေးရာဝန်ကြီးများ၊ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီဝင်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။



