တောင်ကြီးမြို့တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာပေစကားဝိုင်းကျင်းပ
တောင်ကြီး မေ ၂၅
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် လူငယ်များ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်ရေး၊ စာပေ နှင့်ရင်းနှီးကျွမ်းဝင်ပြီး စာဖတ်သည့်အလေ့အကျင့်များရရှိစေရေး၊ စာဖတ်ရှိန်မြှင့်မားလာစေရေးနှင့် နိုင်ငံတော်အတွက် အားထားရသည့် သားကောင်းသမီးမွန်များပေါ်ထွန်းလာစေရေးရည်ရွယ်ကျင်းပ သည့် စာပေစကားဝိုင်းကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အမှာစကားပြောကြားရာတွင် ကျွန်တော်တို့နိုင်ငံကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအဖြစ် မျှော်မှန်းတည်ဆောက်လျက်ရှိရာတွင် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ များစွာလိုအပ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်နိုင်ငံတော်တည်ဆောက်ရန်အတွက် လူငယ်များ၏အခန်းကဏ္ဍက အလွန်အရေးကြီး ပါကြောင်း၊ အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံပြီး ဗလငါးတန်ဖွံ့ဖြိုးတဲ့လူငယ်များဖြစ်လာစေရန် နိုင်ငံတော်မှ လူငယ်ဖွံ့ဖြိုးရေးကဏ္ဍကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ကျင်းပ ပြုလုပ်သည့် စာပေစကားဝိုင်းသည်လည်း လူငယ်များအသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်အောင်၊ စာပေနှင့်ရင်းနှီးပြီး စာဖတ်သည့်အလေ့အကျင့်များရရှိအောင် ဆောင်ရွက်ပေးခြင်း ဖြစ်သည့်အတွက် ကောင်းမွန်သည့် လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ပါကြောင်း၊ အရည်အသွေးနှင့် အရည်အချင်းပြည့်ဝပြီး နိုင်ငံတော်အတွက်အားထားရသည့် လူငယ်လူရွယ်များဖြစ်အောင် လေ့ကျင့်ပြုစုပျိုးထောင်ရန် လိုအပ်ပါကြောင်း၊ လူငယ်များအနေဖြင့်လည်း မိမိဘဝ၊ မိမိ မိသားစု၊ မိမိရပ်ရွာ၊ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာနှင့်ပြည့်စုံအောင် စာပေဖတ်ရှုလေ့လာကြရန် တိုက်တွန်း လိုကြောင်းပြောကြားပါသည်။
ထို့နောက် စာပေစကားဝိုင်းတွင်ဆွေးနွေးကြမည့် စာပေပညာရှင်များနေရာယူကြပြီး ဒေါက်တာကျော်စိန်ရေးသားသည့် လူငယ်လမ်းညွှန်စာအုပ်ပါ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် ဒေါက်တာကြည်စိုးကလည်းကောင်း၊ လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့် ဆရာကောင်းမြင့်မြတ်စိန်က လည်းကောင်း၊ လူငယ်နှင့်ဘာသာရေးခေါင်းစဉ်ဖြင့် ဒေါက်တာအောင်ကျော်ကလည်းကောင်း၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်ဖြင့် ဆရာမျိူးမြင့်ကြည်ကလည်းကောင်း၊ လူငယ်နှင့် ကြီးပွားရေးခေါင်းစဉ်ဖြင့် ဆရာမဒေါ်ရွှေရွှေမြင့်ကလည်းကောင်း၊ လူငယ်နှင့်မလိုလားအပ်သော အလေ့အထများခေါင်းစဉ်ဖြင့် ဒေါက်တာကြည်အေးဆွေကလည်းကောင်း၊ လူငယ်နှင့်အိမ်ထောင်ရေး ခေါင်းစဉ်ဖြင့် ဆရာမငွေခြည်လင်းလက်(မြန်မာစာ)ကလည်းကောင်း အသီးသီးဆွေးနွေးကြပြီး တက်ရောက် လာသည့်လူငယ်များ၏ မေးမြန်းချက်များကို ပြန်လည်ဆွေးနွေးဖြေကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးညွန့်ရွှေက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အဖွဲ့သည် လူထုအခြေပြုဗဟိုဌာနတွင် ဆောင် ရွက်လျက်ရှိသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဉာဏစွမ်းရည်ပြိုင်ပွဲများကိုကြည့်ရှုအားပေးပြီး ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ကာ ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသည့် စာအုပ်/စာစောင်ပြပွဲ ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် စာအုပ်/စာစောင်ပြပွဲကို မေလ ၂၅ ရက်နေ့မှ မေလ ၃၁ ရက်နေ့ထိ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်းသိရှိရသည်။
